ဗိုင်းရပ်စ်
-------------------------------------------
မင်းခိုက်စိုးစန်
(၁)
နှာခေါင်းစည်းတွေ ရောင်းကောင်းတယ် မာရီယာ...
ကံစမ်းမဲ ပါလို့ မဟုတ်ဘူး
အကြောက်တရားကို ထည့်ရောင်းနေတာ... ။
(၂)
ကပ်ရောဂါ ဆိုတာ မီးခိုး ပဲ ...
ဘယ်သူက ဘယ်မှာ မီးကိုပျိုးခဲ့တာ မသေချာပေမယ့်
ကံစမ်းမဲ ကျတာကတော့
မင်းရော ငါရော ဖြစ်နိုင်တယ် ၊
လူဆိုတာက
လောင်စာသက်သက်ပဲ မဟုတ်လား မာရီယာရယ်
(၃)
နေကောင်းအောင် ဂရုစိုက်ပါ မာရီယာ...
နေမကောင်းရင် ကမ္ဘာကြီးက
မင်းကို မောင်းထုတ်ကြလ်ိမ့်မယ်... ။
လူတွေ ချစ်တယ်ဆိုတာက
သူတို့ကို မထိခိုက်သရွေ့ပဲ မဟုတ်လား...
(၄)
ပြင်းပြင်းထန်ထန် အရိုက်ခံရရင်လည်း ပြုံးပါ..
တွင်းနက်နက်ထဲ ပြုတ်ကျရင်လည်း ပြုံးပါ..
ကိုယ့်ကိုယ်ကိုယ် ဂေါက်သီးတစ်လုံးလို့
ဟန်ဆောင်လိုက်ပေါ့ မာရီယာ၊
သေတဲ့အခါ
ရိုက်ချက်အနည်းဆုံးနဲ့
ပွဲပြီးတဲ့သူက အနိုင်ရတာပဲ မာရီယာ..။
(မင်းခိုက်စိုးစန်)
၂၀၂၀
0 Comments